Sunday, June 21, 2009

ငယ်ဘဝအမှတ်တရလေးများ (၁)

ကိုယ်နဲ့ဆိုင်တဲ့ငယ်ငယ်တုန်းက မှတ်မှတ်ရရကတော့ နွေရာသီကျောင်းပိတ်ရက်ရောက်ပီဆိုရင် အဖိုးက ကိုယ်နဲ့မောင်လေးကို ခေါ်ပြီး ကတုံးတုံးပေးတော့တာပဲ.. အဲလိုနဲ့နွေရာသီတွေကို ကတုံးဘဝနဲ့ ဖြတ်သန်းခဲ့ရတယ်..။ ဘာကြောင့်ခေါင်းတုံးတုံးရတာလဲဆိုတော့ နွေရာသီမှာ မျောက်ရှူံးအောင်ကစားလို့တယ်လေ.။ ဟုတ်ပ ..ကစားတာကလဲလွန်ပါတယ်.။ ထမင်းစားချိန်နဲ့ အိပ်ချိန်ပဲ အိမ်ပေါ်မှာ ကျန်တဲ့
အချိန်တွေကတော့ ခြံထဲမှာ မျောက်မူးလဲအောင် ဆော့ပါတယ်။
များသောအားဖြင့်ကတော့ ကျမတို့မောင်နှမနဲ့အဖော်ရအောင် အိမ်မှာခေါ်ထားတဲ့ ကောင်လေးတယောက်နဲ့ ကစားရပါတယ်.။ နောက်အိမ်ရှေ့အိမ်က မောင်လေးနဲ့ရွယ်တူ ကောင်မလေး အပါအဝင် အားလုံးပေါင်း၎ယောက်..လောင်းကျော်ကြလေသတည်း.။ တခါတလေ ရန်ကုန်မှာနေတဲ့ မောင်နှမဝမ်းကွဲတွေ သထုံကိုရောက်လာလို့ ကစားကြရင် ခြံထဲရော အိမ်ထဲမှာပါ တိုင်းပြည်ပျက်သလား အောက်မေ့ရပါတယ်.။ အဲဒါကို အဖိုးအဖွားတွေက ရွာထဲသူပုန်ဝင်တယ်လို့ ပြောကြပါတယ်.။ ဖိုးဖွားတွေက ခဏခဏအလှူလုပ်ကြတော့ ရန်ကုန်က အမျိုးတွေကလည်း သထုံကို ခဏခဏချီတက်လာကြပါတယ်.။ အဲလိုဆိုတော့ ဖိုးဖွားတွေအိမ်ကို သူပုန်ဝင်ခံ ခဏခဏ ထိပါတယ်.။ အမှန်တကယ် အပြင်မှာလည်း သထုံမြို့ထဲကို ၁၉၈၀ မတိုင်ခင်ကအထိ သူပုန် ခဏခဏဝင်ခံထိတယ်လို့ လူကြီးတွေပြောသံကြားဖူးတယ်..များသောအားဖြင့်ကတော့ နို့တလုံးစိန်ဆိုတဲ့ အမျိုးသမီးနဲ့အဖွဲ့က မြင်းတွေစီးပြီး မြို့ထဲဝင်တယ်တဲ့.။
အခုဒီလို မောင်နှမတွေအကြောင်းရေးမိတော့ ဟိုးငယ်စဉ်ဘဝကို တမ်းတမိပြီး မောင်နှမတွေအားလုံးနဲ့ ခဏလောက်ဖြစ်ဖြစ် ပြန်တွေ့ချင်မိတယ်..။ ကျမတောင်းဆိုတာ သိပ်မလွန်ပါဘူးနော်.။ အခုတော့ အကုန်လုံးက တယောက်တနေရာစီမှာ…ဒါပေမဲ့ ကိုယ်တယောက်ထဲက အားလုံးနဲ့ဝေးရာစီမှာ..။

ကျမတို့ငယ်ငယ်က ရန်ကုန်ကအမျိုးတွေလာရင် အကုန်လုံးစုပြီး မိုးရာသီဆိုရင် စမ်းချောင်းမှာ ရေအမြဲသွားကူးစမြဲ၊ နွေရာသီဆိုရင်တော့ မြသပိတ်တောင်၊ ဘုရားငါးဆူ၊ ရွှေဘုန်းပွင့် တို့ကိုအမြဲတက်ဖြစ်စမြဲ.။ ကျမတို့မြို့မှာက စမ်းချောင်းက မရှိဘူးဆိုရင်တောင်မှ ၄,၅ ခုလောက်တော့ရှိတယ်။ ဟိုးငယ်ငယ်တုန်းကဆိုတော့ အကိုတွေကဘောင်းဘီတိုလေးတွေနဲ့ ကျမတို့ညီအမတတွေက ရှင်မီးစွပ်ကျယ်၊ ဘောင်းဘီတိုလေးတွေနဲ့ ၊ စမ်းချောင်းနားရောက်လို့ ဘကြီးက ကားကိုအရှိန်လျှော့ရုံပဲရှိသေး ကျမတို့တွေက ကားပေါ်ကခုန်ဆင်း ရေထဲကိုတဗွမ်းဗွမ်းနဲ့ခုန်ချတော့တာပဲ။ အခန့်မသင့်ရင်တော့ ကြီးကြီးရဲ့ လက်ခေါက်နဲ့ခေါင်းကို သို့မဟုတ် ဗိုက်ကြောကို မိတ်ဆက်ဖြစ်တယ်။ အဲဒီ ကြီးကြီးရဲ့လက်သံက တော်တော်ပြောင်ပါတယ်။ အကိုဝမ်းကွဲတွေကတော့ သူတို့အမေရဲ့လက်သံကို ခဏခဏ မြည်းခွင့်ရနေတဲ့အတွက် သူတို့က အေးဆေးပဲ။ ကျမကတော့ ကြီးကြီး ရဲ့လက်သံကို ကျိုက်ထီးရိုးမှာ တခါမြည်းခွင့်ရလိုက်ပါတယ်..။ ကိုယ်ကဆိုးလို့မဟုတ်ပါဘူး။ မနက်ဝေလီဝေလင်း မနက် ၄ နာရီလောက်ကြီး စေတီရင်ပြင်ပေါ် ကောက်ညင်းပေါင်းစားနေတဲ့အချိန်မှာ.. အဲဒီတုန်းက အလင်းရောင်ကလည်းမှုန်ဝါးဝါး မမြင်မစမ်းတဲ့အချိန် ကျမဗိုက်ပေါ်မှာ ပူပူလောင်လောင် စပ်ဖြင်းဖြင်းအရသာ ခံစားရတော့ အသံတောင်ချက်ချင်းမထွက်နိုင် ဘာဖြစ်လို့ဖြစ်မှန်းတောင်မသိ နောက်မှ ….အား… လို့ အော်မိမှ ကြီးကြီးကလန့်ပြီး ကျမမျက်နှာကို သေချာကြည့်ပြီးမှ ကျမကို သူ့သား ကျမအကို ..ကိုမင်းနဲ့မှားပြီး ဗိုက်ခေါက်ဆွဲလိမ်မိတာပါတဲ့။ မောင်နှမတွေက တနှစ်ကြီးတနှစ်ငယ် ဆိုတော့အရပ်တွေက မတိမ်းမယိမ်း၊ မှောင်ကြီးထဲမှာဆိုတော့ကလေးတွေမှားကုန်တာပေါ့။..ကျမအကို ကိုမင်းကတော့ သူ့အစားခံပေးတဲ့ ကျမကို ကျေးဇူးတွေတင်လို့ တပြုံးပြုံးနဲ့..ငါ့အမေလက်ရာစားကောင်းလားလို့ခဏခဏမေးပါတယ်.။အဲဒီတုန်းက အသက်က ၈နှစ် ၉နှစ် ဝန်းကျင်ပဲရှိလိမ့်ဦးမယ်။ မြန်မာနိုင်ငံကနေ မထွက်ခွါခင်အထိ .အမျိုးတွေစုံလို့ စကားစပ်မိရင် အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ခဏခဏအစခံရပါတယ်။
နောက်ပြီး မြသပိတ်တောင်တက်ရင်လဲ တောလမ်းကတက်ပြီးတောလမ်းကပြန်ဆင်းဖြစ်တာများပါတယ်.၊ တောလမ်းနဲ့ မြို့လမ်းဆိုပြီးရှိပါတယ်။ မြသပိတ်ဘုရားလမ်း ဇေတဝန်ကျောင်းအရှေ့ရှိ မုဉ်ဦး ကလှေခါးနဲ့တက်တဲ့လမ်းကမြို့လမ်း ..အဲဒီဘေးက မြေသားနဲ့လမ်းကိုတော့တောလမ်းပေါ့။ တောလမ်း နဲ့တက်ရတဲ့ လမ်းကို ပိုပြီးသဘောကျပါတယ်။ အရင်ဆုံး မြသပိတ်ဘုရားဖူး၊ နောက် ဘုရားငါးဆူ က ဘုန်းဘုန်းလေးကျောင်းကို သွား၊ မနက်စောစော ရောက်တဲ့အခါဆိုရင်တော့ ဘုန်းဘုန်းလေးကို ကန်တော့ပြီးပြန်ပါတယ်။ နောက်ကျမှတောင်ပေါ်တက်လို့ နေမွန်းတည့်လောက်ဆိုရင်တော့ ဘုန်းဘုန်းလေးကျာင်းမှာ ဝါးတီးဖွင့်ပါတယ်။ မနက် ၉ နာရီလောက် တောင်ခြေပြန်ရောက်ရင်တော့ တောင်ခြေမှာ ထန်းရေနဲ့ အာဗြဲခြောက် ကို ဝင်တီးကြဖြစ်ပါတယ်။နောက်ထပ် ရှိသေးတဲ့တောလမ်းတခုကတော့မရမ်းချောင်မှာရှိတဲ့ ခေမာရာမ သီလရှင်စာသင်တိုက်ကနေဖြတ်ပြီးတော့ သွားရတဲ့လမ်းပါ။ လူတော်တော်များများက အရင်ပြောခဲ့တဲ့ လမ်း၂ ခုဆီကသွားတာများပါတယ်။ သထုံမြို့မှာ ခေမာရာမ သီလရှင် စာသင်တိုက်ဖြစ်လာအောင် ဖိုးဖိုးဖွားဖွားတွေက
စတင်တည်ထောင်ပေးတဲ့ ဒကာရင်းတွေဖြစ်တာကြေင့် ကျမတို့တွေက သီလရှင်ကျောင်းကို ဥဒဟို သွားနေတော့ အမြဲလိုလို ခေမာရာမက တောလမ်းကနေတဆင့် မြသပိတ်တောင် ကိုတက်ဖြစ်တာများပါတယ်။
အဲဒီခေမာရာမကျောင်းဘေးမှာကျောက်ရေတွင်းဆိုတာရှိပါတယ်.။အဲဒီနား ပတ်ဝန်းကျင်ကလူတွေ၊ သီလရှင်တွေ နဲ့ အဲဒီကျောင်းတက်တဲ့ လူအချို့သာ ဒီကျောက်ရေတွင်းရှိတယ်ဆိုတာ သိမယ်ထင်ပါတာယ်။ ကျောင်းနားမှာနေတဲ့သူတွေက မရှိဆင်းရဲသားများတော့ ချိုးရေသောက်ရေအတွက် ကျောက်ရေတွင်းကရေက အားထားရပါတယ်။ ညနေစောင်းကျရင် ရေလာခပ်တဲ့ လူတော်တော် များများကိုတွေ့ရတတ်တယ်။ ကျောက်ရေတွင်းဖြစ်လာတာကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကျန်စစ်သားမင်း သထုံပြည်ကို လာတိုက်စဉ်တုန်းက ရေဆာလို့ လှံနဲ့ ထိုးရာမှနောက် ခေတ်အဆက်ဆက်ပြောင်းရာမှ ဒီကျောက်ရေတွင်းဖြစ်လာတယ်လို့ပဲ ကြားဖူးပါတယ်။ သေသေချာချာ ဂဂဏဏတော့မသိပါ။ ကျမအမေးကို ခံရတဲ့လူတိုင်း က ကလေးပီပီနေစမ်း၊ အရမ်းစပ်စုတာပဲဆိုတော့ အကြည့်ကို ခံရလွန်းတော့ ဒီလောက်နဲ့ပဲတော်လိုက်ရပါတယ်။ ကျောက်ရေတွင်းကရေတွေက ဒီညနေ ခပ်လို့ ရေနည်းသွားရင်တောင်မှ မနက်ဖြန်လာကြည့် ရေကအမြဲပြန်ပြည့်ပြီး ၁၂ ရာသီပတ်လုံးရေမခမ်းပါဘူး။ အဲဒီကျောက်ရေတွင်းရှေ့ လျှိကနေတည့်တည့်ဆက်သွားလို့ရှိရင် တောကနက်သွားပါပြီ။ သီလရှင်ကျောင်းက နွေရာသီ မှာရေမလောက်ရင် လျှိမှာရှိတဲ့ စိမ့်စမ်းရေကိုပိုက်နဲ့ သွယ်ပြီး ကျောင်းထဲကိုယုရတယ်လေ။ကျမ ၁၀ နှစ်သမီး သီလရှင်ဝတ်စဉ် လျှိထဲကရေပိုက်ပြတ်တော့ တခြားသီလရှင်တွေနဲ့အတူလုပ်အားပေးလိုက်တာပေါ့။အမှန်တကယ်ကရောက်ဖူးချင်လို့ပါ။လျှိထဲဝင်တာနက်လေ ခြင်ကိုက်ခံရတာ ရွာမှာ စတုဒီသာကျွေးလို့ လူတွေ ပျားပန်းခပ်မျှ များတယ်ဆိုတာထက် ၁၀ဆ မက ဆိုးပါတယ်။တဝီဝီနဲ့သံစဉ်တီးဝိုင်းလိုပါပဲ။ ကျောင်းကတောင်ခြေမှာရှိလို့ကော၊သီလရှင်တော်တော်များများက ကရင်ပြည်နယ်၊ မွန်ပြည်နယ်အောက်ဘက်ကလာတာများလို့ နဂိုကတည်းက ငှက်ဖျားရောဂါကပါလာပြီးသား။
ကျမ မယ်သီလရှင် တောထဲသွားတာ အိမ်ကသိတော့ လူကြီးတွေကဆူပါလေရော။ အရမ်းခြေရှည်တာပဲတဲ့။ ငှက်ဖျားရောဂါရမယ်ဆိုပြီးတော့။ ကျမကတော့ သူတို့တွေကို ကြည့်ပြီး ငါ သီလရှင် ကို ဆူနေတာ ငရဲကြီးမှာပဲဆိုပြီး မျက်လုံးလေးပေကလပ်၊ ပေကလပ်နဲ့ ။
ငယ်ငယ်တုန်းကအဲလိုမျိုးလေးပါ။

ဇာတ်ကြောင်းလှန်ခြင်း


မူလတန်းအစ…

ကျမငယ်ငယ်မူလတန်းအစက သိပ်ပြီးပျော်စ၇ာမကောင်းခဲ့ဘူး.။ ဘာကြောင့်လဲဆိုတော့ ကျမကအရေးခင်းပြီးနောက်ပိုင်းမှ သူငယ်တန်းကို စကျောင်းတက်ခဲ့ရတာဆိုတော့ အ၇င်ကလူဟောင်းတွေက တော်တော်ဆရာလုပ်ချင်ကြတယ်။ လူဆိုတာကလဲ ကိုယ်ကိုတိုင်ခံကြရမှ နားလည်ကြတယ်။ အခုချိန် ပြန်စဉ်းစားကြည့်တော့ ကလေးတွေဆိုတော့ ဒီလိုပဲပေါ့။ နောက်ပြီးကစားကြရင် အုပ်စုလိုက်အဖွဲ့တွေကစားကြ အဝေမတည့် ရန်တွေဖြစ် အုပ်စုတွေကွဲ တယောက်နဲ့တယာက် စကားတွေမပြောကြ..။ အိမ်မှာ ကိုယ်က မောင်နှမ ၃ ယောက်ထဲမှာအကြီးဆုံး..ကိုယ်ရှေ့မှာစာကြိုးစားဖို့ ပြောမဲ့လူတယောက်မှမရှိ သေသေချာချာ နားမလည်ရင် ရှင်းပြမယ့်လူတယောက်မှမရှိ ၊ ကျူရှင်ကိုပို့ပေမယ့် ၃ တန်းလောက်အထိ စာကိုသေသေချာချာ မကြိုးစားဖြစ်ခဲ့ဘူး.။ နောက် ၄ တန်းလောက်ကြမှ စာကိုကြိုးရမှန်းသိလာခဲ့တယ်..။ သိတတ်တဲ့အရွယ်ရောက်လာတော့ စာမရတာ ရှက်စရာဆိုတာ သိလာခဲ့တယ်..။ ၄ တန်းတုန်းက မြန်မာစာသင်တဲ့ ဆရာမက စာမရရင် နားရွက်ဆွဲပြီး စင်္ကြန်မှာ ဟိုဘက်ဒီဘက်ကို နားရွက်ဆွဲပြီး လမ်းထွက်လျှောက်ခိုင်းတယ်..။ အဲလိုဆိုတော့ စာကမကျက်ဘဲနဲ့ နေလို့မရတော့ဘူးလေ..။ ကျမ အဲဒီလောက်အထိ စာကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက တရက်မှာဆရာမစာမေးတော့ စာမရတဲ့လူတွေက အတန်းအနောက်မှာ အပြစ်ပေးခံရဖို့အတွက် သွားပြီးရပ်နေရတယ်…၊ ကျန်တဲ့လူတွေက ကိုယ့်အလှည့်ရောက်ဖို့အတွက် ဆရာမဘက်ကို မျက်နှာမူနေတဲ့အချိန်မှာ ကျမတို့ရဲ့အနောက်ဘက်က ရေကျတဲ့အသံကြားလို့ ကြည့်ကြည့်တော့ အပြစ်ပေးရဖို့ရပ်နေရတဲ့အထဲက မိန်းကလေးတယောက်က ရှူးတွေပေါက်ချလိုက်တာကိုး.။ အနားကကျောင်းသားတွေလည်း ရှူးနဲ့ဝေးရာကို ရွှေ့ကြပေါ့…အကုန်လုံးကလည်းကြောင်ပြီးကြည့်နေကြသေးတယ်။ နောက်ပြီးမှ ဆရာမက ကျောင်းသားတယောက်ကို အောက်ထပ်က စာသင်ခန်းကိုလွှတ်ပြီး အဲဒီရှုးပေါက်ချထားတဲ့နေရာအောက်က ကျောင်းသားတွေကိုနေရာရွှေ့ခိုင်းရတယ်..။ အဲဒီမိန်းကလေးက နှစ်ကျ ခန္ဒာကိုယ်ကလည်းကျန်တဲ့ လူတွေထက်လဲကြီးတော့ မစရဲတော့ ကျန်တဲ့လူတွေလည်း အဲဒီဟာကိုမေ့မေ့ပြောက်ပြောက် ဖြစ်သွားကြတာပါပဲ..။